မယ်စကြာဝဠာမြန်မာ ၂ဝ၁၇ ကိုယ်ရေးအကျဉ်း

အလှမယ်ဇွန်သံစဉ်သည် ၂ဝ၁၄ခုနှစ်တွင် မယ်စကြာဝဠာမြန်မာပြိုင်ပွဲတွင် ရေပန်းအစား ဆုံးပြိုင်ပွဲဝင်ဖြစ်ခဲ့သော်လည်း ဆုနှင့်လွဲချော်ခဲ့ပြီး  နောက်ဆုံးဆန်ခါတင်(၅)ဦးအဆင့်အထိသာ တက်လှမ်းနိုင်ခဲ့ပါသည်။ ၂ဝ၁၇ခုနှစ်အတွက်ပြုလုပ်သော မယ်စကြာဝဠာမြန်မာပြိုင်ပွဲတွင် ဒုတိယအကြိမ် ဝင်ရောက် ယှဉ်ပြိုင်ပြီး မယ်စကြာဝဠာမြန်မာ ၂ဝ၁၇ဆုကို ဆွတ်ခူးနိုင်ခဲ့ပါသည်။ အလှမယ်ဇွန်သံစဉ်ကို ဖခင် ဒေါက်တာဦးကိုကိုနိုင်(မင်္ဂလာဒုံအထူးကုဆေးရုံအုပ်ကြီး)နှင့် မိခင်ဒေါ်ဝေစီကျော်တို့မှ မွေးဖွားခဲ့ပြီး မွေးချင်း(၂)ဦးအနက် သမီးအကြီးဖြစ်ပြီး ညီမငယ်တစ်ဦးရှိပါသည်။

မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်မှ B.A(Cinema and Drama) ဘွဲ့ရရှိထားသူဖြစ်ပြီး ဒဂုံတက္ကသိုလ်တွင် မြန်မာစာအထူးပြုနောက်ဆုံးနှစ်ဖြေဆိုအောင်မြင်ပြီးဖြစ်ပါသည်။ အရပ်၅ပေ ၉လက်မရှိသော အသက်(၂၂)နှစ်အရွယ် အလှမယ်ဇွန်သံစဉ်သည် ပြည်တွင်းပြည်ပအလှမယ်ပြိုင်ပွဲ များတွင် ဆုပေါင်း (၁၃)ဆုရရှိထားသူဖြစ်ပါသည်။ လတ်တလောတွင် မန္တလေးမြို့အား အခြေခံရိုက်ကူးထားသည့် ရတနာပုံရုပ်သံဇာတ်လမ်းတွဲ၌ ပါဝင်သရုပ်ဆောင်ထားပြီး စင်ကာပူနိုင်ငံအခြေစိုက် Kembangan-UHC Hospital ၏ သံတမန်အဖြစ် ဆောင်ရွက်လျက်ရှိပါသည်။

လူမှုဂရုဏာလုပ်ငန်းများအား မယ်စကြာဝဠာ မြန်မာအဖွဲ့အစည်းနှင့်အတူ ပူးပေါင်းဆောင်ရွက် လျက်ရှိသည့်အပြင် မိမိကိုယ်တိုင်လည်း တတ်အားသရွေ့ ဆောင်ရွက်လျက်ရှိပါသည်။ မယ်စကြာဝဠာမြန်မာ သရဖူရရှိပြီးနောက်နေ့တွင် မယ်စကြာဝဠာအဖွဲ့အစည်း၏ လှူဒါန်းစောင့်ရှောက်မှုအစီအစဉ်တစ်ခုဖြစ်သည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ပေးသည့် အစီအစဉ်တွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ၂ဝ၁၆ခုနှစ်၊ ဒီဇင်ဘာလ (၂၅)ရက်နေ့တွင် Kembangan-UHC Hospital ရှိ တက်ရောက်ကုသနေသော ဝေဒနာရှင်များနှင့် တွေ့ဆုံပြီး အားပေးဖျော်ဖြေမှုများပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းရန်ပုံငွေတိုးမြှင့်ရေး အစီအစဉ်တွင် မယ်စကြာဝဠာမြန်မာအဖွဲ့အစည်းနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။

(၆၆)ကြိမ်မြောက် မယ်စကြာဝဠာပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ဖိလစ်ပိုင်နိုင်ငံတွင် ရက်တိုသင်တန်းတက်ရောက်ခြင်း၊ (၆၅)ကြိမ်မြောက် မယ်စကြာဝဠာပြိုင်ပွဲအား ကြည့်ရှု့လေ့လာခြင်း၊  ကိုယ်ကာယလေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ ဘာသာစကားလေ့လာခြင်း၊ ဝတ်စုံများ ပြင်ဆင်ခြင်းတို့အပြင် အခြားလိုအပ်သည်များကို ဆောင်ရွက်လျက်ရှိပါသည်။