မယ်စကြာဝဠာမြန်မာ ၂၀၁၈ အလှမယ်များ၏ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေး လှုပ်ရှားမှုမှတ်တမ်း

မယ်စကြာဝဠာမြန်မာ ၂၀၁၈ အလှမယ်များသည် ဩဂုတ်လ(၇) ရက်နေ့မှ (၁၃) ရက်နေ့အထိ မြဝတီ၊ ဘားအံ၊ သထုံမြို့ ဆိပ်ကျွန်းကျေးရွာနှင့် ကျောက်တံခါးမြို့နယ် ကျန့်ချောင်းကျေးရွာများသို့ သွားရောက်ပြီး လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပါသည်။

ဩဂုတ်လ(၇)ရက်နေ့တွင် ရန်ကုန်မှ ဘားအံသို့ စတင်ထွက်ခွာပြီး ကန်သာယာတွင် ဒေသခံများမှ ကရင်ဒုံးယိမ်းအကများဖြင့် ကြိုဆိုဧည့်ခံခဲ့ကြပါသည်။ ဆက်လက်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ သွားရောက်တွေ့ဆုံဂါရဝပြုခဲ့ပြီး တောင်ကလေးဘုန်းကြီးကျောင်းတွင် ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲသို့ သွားရောက်လေ့လာခဲ့ကြပါသည်။ ထို့နောက် ကျောက်ကလပ်တွင် အမှတ်တရဓါတ်ပုံများ ရိုက်ကူးခဲ့ပြီး မြဝတီသို့ ဆက်လက် ထွက်ခွာခဲ့ကြပါသည်။

ဩဂုတ်လ(၈)ရက်နေ့တွင် မြဝတီမြို့ ဘုရင့်နောင်ဈေးရှေ့၌ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ မူးယစ်တား ဆီးရေး၊ မှုခင်းကျဆင်းရေးနှင့် H1N1 ကျန်းမာရေးပညာပေး နှိုးဆော်ရေးများအတွက် သက်ဆိုင်ရာအဖွဲ့အစည်း များနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။ ထို့နောက် နေရပ်ပြန် ရွှေ့ပြောင်းလုပ်သား ကြိုဆိုရေးစခန်းတွင် ရွှေ့ပြောင်းလုပ်သားများနှင့် တွေ့ဆုံအားပေးမှုများ ပြုလုပ်ခဲ့ပါသည်။ ဆက်လက်ပြီး ထိုင်းနိုင်ငံ မဲဆောက်ရှိ မဲတော်ဆေးခန်းတွင် လှူဒါန်းမှုများပြုလုပ်ခြင်း၊ Robinson Shopping Center နှင့် ဖဝေါနတ်နန်းများသို့ သွားရောက်လည်ပတ်ခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

ဩဂုတ်လ(၉)ရက်နေ့တွင် မြဝတီမှ မြိုင်ကြီးငူအထူးဒေသသို့ ထွက်ခွာလာကြပြီး တိုက်ပွဲရှောင် ဒေသခံများနှင့် တွေ့ဆုံအားပေးလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြပါသည်။

ဩဂုတ်(၁၀)ရက်နေ့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် H1N1 ကျန်းမာရေး အသိပညာပေး လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ညနေပိုင်းတွင် ပြိုင်ပွဲဝင် ဆန်ခါတင်အလှမယ်များမှ ဇွဲကပင်ခန်းမ၌ Talent Show ယှဉ်ပြိုင်ခဲ့ကြပါသည်။ Talent Show တွင် လက်မှတ်ရောင်းချရငွေများနှင့် ကောက်ခံရရှိသော အလှူငွေများအား ဘားအံပြည်နယ်ကြက်ခြေနီအသင်း၊ တောင်တန်းသာသနာပြု မိဘမဲ့ကျောင်း၊ စာကြည့်တိုက်နှင့် အမျိုးသမီးအားကစား ဆပ်ကော်မတီသို့ လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြပါသည်။

ဩဂုတ်လ(၁၁)ရက်နေ့တွင် ဘားအံမြို့မှ သထုံသို့ပြန်လည်ထွက်ခွာလာကြပြီး ဆိပ်ကျွန်းကျေးရွာ  အခြေခံမူလတန်းကျောင်းတွင် လှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီး ဒေသခံများနှင့်တွေ့ဆုံကာ ကျန်းမာရေး အသိပညာပေး အစီအစဉ်များ ပြုလုပ်ခြင်း၊ အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ ပျော်ရွှင်စွာ စုပေါင်းဂိမ်းကစားခြင်းများပြုလုပ်ခဲ့ကြပြီး ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာလာခဲ့ကြပါသည်။

ဩဂုတ်လ(၁၃)ရက်နေ့တွင် ကျောက်တံခါးမြို့နယ် ကျန့်ချောင်းကျေးရွာရှိ အခြေခံမူလတန်းကျောင်းသို့  သွားရောက်ပြီး ကျောင်းသား/ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ဆရာ/ဆရာမများ၊ ဒေသခံများနှင့် ပူးပေါင်းကာ အမှတ်တရစုပေါင်းသစ်ပင်စိုက်ပျိုးခြင်း၊ ကျောင်းသုံးဗလာစာအုပ်နှင့် အလှူပစ္စည်းများလှူဒါန်းခြင်း၊ ကျောင်းသား/ကျောင်းသူများအတွက် ကစားကွင်း လှူဒါန်းခြင်းများ ပြုလုပ်ပြီး ကျောင်းသား/ကျောင်းသူ များနှင့်အတူ အလှမယ်များမှ ပျော်ရွှင်စွာ ကခုန်မှုများ ပြုလုပ်ခဲ့ကြပါသည်။ ခရီးစဉ်အတွင်း  Talent Show လက်မှတ်ရောင်းရငွေနှင့် စေတနာရှင်များမှ လှူဒါန်းငွေ စုစုပေါင်း ၃၄၆၄၄၀ဝိ/- ရရှိခဲ့ပြီး (၁၃-၈-၂၀၁၇) ရက်နေ့အထိ လှူဒါန်းပြီး ငွေသားတန်ဖိုး ၃၉၆၆၇၀ဝိ/- နှင့် လှူဒါန်းပစ္စည်းတန်ဖိုးမှာ ၃၈၅၁၅၀ဝိ/- ဖြစ်ပါသည်။