"မယ်စင်္ကြာဝဠာမြန်မာ တစ်ယောက်ရဲ့ ခရီးလမ်းဟာ ဖြောင့်ဖြူးချောမွေ့လှတယ်တော့ မဟုတ်ပါဘူး"

သူမဟာ မွေးချင်း နှစ်ယောက်မှာ သမီးအငယ်ဖြစ်ပြီး မိဘတွေကတော့ မူလက ပဲခူးမြို့မှာနေထိုင်ပါတယ်။ သူမရဲ့ အမ နှစ်နှစ်သမီးအရွယ်လောက်မှာပဲ ပဲခူးမြို့မှာအကြီးအကျယ် မီးလောင်တာနဲ့ကြုံတွေ့ရပြီးနောက်ပိုင်း မိသားစု လိုက် မိတ္ထီလာမြို့ကိုပြောင်းရွှေ့ခဲ့ ကြပါတယ်။ သူမကို ၁၉၉၆ ဩဂုတ်လ ၂၄ရက်နေ့မှာ မိတ္ထီလာ မြို့မှာ မွေးဖွားခဲ့ကြပါတယ်။

ဒီလိုနဲ့ မိတ္ထီလာကနေတစ်ဆင့် သူမဖိုးဖိုးရဲ့ စီးပွားရေးရှိတဲ့ လဲချားမြို့လေးကို သူမ အသက် သုံးနှစ် လောက်မှာထပ်ပြောင်းခဲ့ကြပါတယ်။ တတိယ တန်းဖြေပြီးလို့ နွေရာသီကျောင်းပိတ်ချိန်မှာပဲ သူမရဲ့ ဖခင်ဆုံးပါးသွားခဲ့ပါတယ်။ သူမဟာ လဲချား မြို့လေးမှာ သူငယ်တန်းကနေ (၇)တန်းအထိ ပညာသင်ယူခဲ့ပါတယ်။

ဖခင်ဆုံးပါးသွားပြီးနောက်ပိုင်းမှာတော့ အဖွားနဲ့မိခင်ကပဲ သူမတို့ ညီအစ်မနှစ်ယောက်ကို ပြုစုပျိုးထောင်ခဲ့ပါတယ်။ တာချီလိတ်မှာနေတဲ့ ဦးလေးကလည်း သူမတို့သားအမိကို ထောက်ပံ့ပေးပါတယ်။

ဒီလိုနဲ့ပဲ နောက်ဆုံးမှာ လဲချားမြို့လေးကနေတစ်ဆင့် ဦးလေးရှိတဲ့ တာချီလိတ်မြို့ကို သားအမိတစ်တွေ ပြောင်းရွှေ့ခဲ့ကြပါတယ်။

 

အ.ထ.က (၁)တာချီလိတ်မှာ (၈)တန်းနဲ့(၉)တန်း ပညာသင်ကြားပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုတော့ အ.ထ.က (၁) မိတ္ထီလာမြို့မှာအောင်မြင်ခဲ့ပါတယ်။

ဆယ်တန်းအောင်ပြီးတော့ အဝေးသင်ပထမနှစ်တက်ရင်း တာချီလိတ်မြို့ရဲ့ တာလော့ဈေးရှိ အိတ်ဆိုင်တစ် ဆိုင်မှာ အရောင်းဝန်ထမ်းဝင်လုပ်ခဲ့ပါတယ်။ ဒီနှစ်ပိုင်း တွေမှာတော့ သူမရဲ့ အမဖြစ်သူကပဲ ပျိုးထောင်စောင့် ရှောက်ပေးခဲ့ပါတယ်။

တက္ကသိုလ်ဒုတိယနှစ်မှာပဲ သူမရဲ့မမကြီးနဲ့အတူ ကိုယ်ပိုင်မျက်မှန်ဆိုင်လေးဖွင့်ဖြစ်ခဲ့ပါတယ်။

သူမ တက္ကသိုလ်တတိယနှစ်မှာ Miss Universe Kyaing Tong & Tachileik 2016 ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး 1st runner up ဆုကိုရရှိခဲ့ပါတယ်။ ဒီပြိုင်ပွဲအတွင်းမှာလည်း ပြိုင်ပွဲမှာရွေးချယ်ခံရပါက ရန်ကုန်ကိုသွားရောက်ယှဉ်ပြိုင်ရမယ့် ခရီးလမ်းဟာ သူမအတွက်ခက်ခဲမှုတွေရှိတာကြောင့် စိုးရိမ်ပူပန်မှုတွေများခဲ့ရပါတယ်။

ဒါပေမယ့် ဖြစ်ချင်တဲ့ဆန္ဒအားကြီးမှုကြောင့် မိခင်ဇာတိမြို့ဖြစ်တဲ့ ပဲခူးမြို့ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပဲခူးမြို့ဟာ သူမ မိခင်ရဲ့ ဇာတိမြို့လည်းဖြစ် ဆွေမျိုးများလည်းရှိတာကြောင့် နေရေးထိုင်ရေး အခက်အခဲတွေလည်း ပြေလည်စေနိုင်တာကြောင့်ရယ် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဘယ်မြို့သူမဆို ကိုယ့်နိုင်ငံကိုယ်စားပြုဖြစ်အောင် ကြိုးစားခွင့်ရှိတယ်ဆိုတဲ့ အသိရယ် သူမ မိခင်ရဲ့ ဇာတိမြို့ဂုဏ်ကို ဆောင်နိုင်ရမယ်ဆိုတဲ့ ကြိုးစားမှုရယ် မဆုတ်မနစ်တဲ့ ဇွဲ လုံ့လ တွေနဲ့ ပဲခူးမြို့ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ပါတယ်။

ပဲခူးပြိုင်ပွဲမှာ အခက်အခဲသိပ်မရှိပေမဲ့ ပဲခူးကိုယ်စားပြုအနေနဲ့ ရန်ကုန်မှာလာနေရတဲ့အခါမှာတော့ သူမအတွက် အခက်အခဲတွေအများကြီးရှိခဲ့ပါတယ်။ ရန်ကုန်မှာတစ်ယောက်တည်း ရပ်တည်နေထိုင်ရတာ ကျောထောက်နောက်ခံမရှိတဲ့သူမအတွက် ဆွေမျိုးမိတ်သင်္ဂဟလည်းမရှိတဲ့အတွက် တော်တော်လေးအဆင်မပြေဖြစ်ခဲ့ရပါတယ်။ နေရေးထိုင်ရေး စားရေးသောက်ရေးအတွက် ပဲခူးမြို့ရဲ့ City Director W မေရှင်းစိန်ရဲ့ ကူညီစောင့်ရှောက်မှုများနဲ့အတူ သူ့အိမ်မှာပဲနေပြီးတော့ ပြိုင်ပွဲကိုပြိုင်ခဲ့ရပါတယ်။

ပြိုင်ပွဲတစ်လျှောက်မှာလည်း အဆင်ပြေတယ်ဆိုတာမရှိလောက်အောင် ခက်ခဲ့ပါတယ်။ ပြိုင်ပွဲအတွက်အဓိကအရေးအပါဆုံးဖြစ်တဲ့ Evening Gown တောင် တော်တော်နဲ့အဆင်မပြေလို့ ပြိုင်ပွဲမတိုင်ခင် ည ဆယ့်နှစ်နာရီ မှ သူမကိုကူညီပေးနေတဲ့ ဆရာအောင်ရှနဲ့အတူ ဒီဇိုင်နာကိုသျှတဆီအပြေးအလွှား သွားရောက်အကူအညီတောင်းခဲ့ရတာပါ။

ဒီလိုအခက်အခဲတွေကြားကနေပဲ သူမဟာ Miss Myanmar သရဖူကို ဆွတ်ခူးနိုင်ခဲ့ပြီး သူ့မရဲ့နိုင်ငံကိုယ်စားပြု အလှမယ်တစ်ယောက်ရဲ့ခရီးလမ်းကိုစတင်ခြေလှမ်းခွင့် ရခဲ့ပါတော့တယ်။

ရန်ကုန်မှာ အသားမကျသေးတဲ့သူမဟာ နယ်မှာရှိတဲ့မျက်မှန်ဆိုင်လေးကို အရောင်းဝန်ထမ်းလေးနဲ့လွှဲထားပြီး မိခင်ကိုပါ ရန်ကုန်ခေါ်လာခဲ့ကာ အစပိုင်းမှာ မိတ်ကပ်ပညာရှင် Ah Naw La Mu၊ NK Aung Sha တို့နဲ့အတူ နေရပါတယ်။

ဝိုင်းဝန်းကူညီပေးကြတဲ့ ကျေးဇူးရှင်မိတ်တွေ၊ ဝတ်စုံတွေကို ဆင်မြန်းချုပ်လုပ်ပေးကြတဲ့ ဒီဇိုင်နာတွေ၊ လှပတဲ့မိတ်ကပ်ပြင်ဆင်မှုတွေကို ခြယ်မှုန်းပေးကြတဲ့ မိတ်ကပ်ဆရာတွေ၊ လှပတဲ့ ပုံရိပ်တွေကို ပုံဖော်ပေးကြတဲ့ ဓါတ်ပုံဆရာတွေ၊ ခန္ဓာကိုယ် လှပကြံ့ခိုင်မှု့အတွက် ပံ့ပိုးပေးတဲ့ Fit Way Gym အဖွဲ့သားများ၊ လိုအပ်တဲ့ ခွဲစိတ်ပြပြုင်မှုတွေဆောင်ရွက်ပေးတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် Kamol Cosmetic Hospital၊ အသားအရည်နဲ့အလှအပဆိုင်ရာ ပံ့ပိုးမှုပေးနေတဲ့ Sakura Spa စတဲ့ စတဲ့ အကူအညီတွေနဲ့အတူ သူမဟာ Miss Universe Myanmar တစ်ယောက်ရဲ့ ခရီးလမ်းကို အားမာန်အပြည့်နဲ့လျှောက်လှမ်းနေပါပြီ။

ဒီလိုနဲ့ပဲ အခက်အခဲပေါင်းများစွာဟာ Organization ရဲ့ ပံ့ပိုးကူညီစောင့်ရှောက်မှုရယ် သူမရဲ့ ဦးလေးနဲ့မမကြီးတို့ရဲ့ ထောက်ပံ့ကူညီပေးမှုတွေနဲ့ အနည်းငယ်တည်ငြိမ်စပြုပါပြီ။

 

တစ်ဖက်ကလည်း မိခင် Org နဲ့အတူ လူမှုရေးလုပ်ငန်းတွေမှာ ကျရာနေရာကနေ တတ်အားသရွေ့ ကူညီဆောင်ရွက်ရင်း သူမရဲ့မျှော်လင့်ချက်အိမ်မက်ကို အကောင်အထည်ဖော်နေသူပါ။

ဒီခရီးလမ်းဟာလည်းသူမအတွက် သိပ်ပြီး ချောမွေ့လှတယ်တော့မဟုတ်လှပါဘူး။ ဒါပေမယ့် သူမရဲ့ ရရှိလာတဲ့အခွင့်အရေးအပေါ် ဘယ်လောက်ထိ ကြိုးစားဖော်ထုတ်ပြသနိုင်မလဲ ဆိုတာကိုတော့ Miss Universe စင်မြင့်ထက်မှာ မြန်မာစလွယ်ကိုလွယ်ပြီး သွားရောက်ယှဉ်ပြိုင်တဲ့အခါ အားပေးသုံးသပ်နိုင်ကြတော့မှာပါ။

မယ်စကြာင်္ဝဠာမြန်မာရဲ့ ခရီးလမ်းဟာ သူမအတွက်တော့ ဖြောင့်ဖြူး ချောမွေ့နေတာတော့မဟုတ်ပါဘူး။