အမေရိကန်တွင် မြန်မာကို ကမ္ဘာကသိစေမည့်သူ

"မင်္ဂလာပါရှင်" ဟု မြန်မာဆန်ဆန် မျက်နှာထား၊ အရပ်မြင့်မြင့်၊ ခန္ဓာကိုယ်အချိုးအစား ပြေပြစ် လှပပြီး၊ တက်ကြွသော အပြုံးဖြင့် သျှားက ရင်းနှီးဖော်ရွေ စွာ ခရီးဦးကြိုသည်။
အိမ်နံရံတွင် သျှားတို့မိသားစု၏ အမှတ်တရ ဓာတ်ပုံလေးများ ချိတ်ဆွဲထားသည်။ သူတို့မိသားစုတွင် မိဘနှစ်ပါး၊သျှားနှင့် ဆယ်တန်းတက်နေသာ ညီမလေး တစ်ယောက်ရှိသည်။
 
၂၀၁၃ ခုနှစ်ရုရှားနိုင်ငံ မော်စကိုမြို့၌ ကျင်းပပြုလုပ်သော Miss Unvierse ပြိုင်ပွဲကြီးတွင်မြန်မာနိုင်ငံမှ အလှမယ် မိုးစက်ဝိုင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် မြန်မာနိုင်ငံမှ ယခုနှစ် အမေရိကန်နိုင်ငံတွင် ပြုလုပ်မည့် Miss Universe ပြိုင်ပွဲအတွက် ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန်
ရွေးချယ်ခဲ့ရာ သျှား ရွေးချယ်ခြင်းခံရသည်။ သူမ၏ အမည်အရင်းကတော့ သျှားထွဋ်အိန္ဒြာဖြစ်သည်။ သူမ၏ပရိသတ်များက သျှား ဟု ချစ်စနိုင်းဖြင့် ခေါ်ဆိုကြသလို တချို့ကလည်း သျှားထွဋ်ဟု လေးနက်စွာခေါ်ကြသည်။
 
"ညီမပြိုင်ပွဲအတွက် အချိန်ဇယားနဲ့ သေချာလေ့ကျင့်နေပါတယ်" ဟု ပြိုင်ပွဲအတွက် ပြင်ဆင်နေမှုကိုပြောပြသည်။
 
အမေရိကန်နိုင်ငံတွင်ပြိုင်ပွဲဝင်ရန် သျှား လေ့ကျင့်မှုများကို အချိန်ဇယားဖြင့် ဆက်တိုက်ပြုလုပ်နေသည်။ နံနက်ပိုင်းတွင် အင်္ဂလိပ် စကားပြောလေ့ကျင့်ခြင်း၊ ကိုယ်ကာယ ကြံ့ခိုင်မှုအတွက် Gymကစားခြင်း စသည့်လေ့ကျင့်မှုများ ပြုလုပ်နေသည်။ ဘုရားဝေယျာဝစ္စပြုလုပ်ခြင်းကိုလည်း မပျက်
မကွက် သူမလုပ်ဆောင်သည်။ နေ့လယ်ပိုင်းမှာတော့ အထွေအထွေ ဗဟုသုတတွေလေ့လာပါတယ် ဟု သျှားက သူမ၏ နေ့လယ်ပိုင်း လေ့ကျင့်မှု အစီအစဉ်ကိုလည်း ပြောသည်။
 
အထွေထွေဗဟုသုတအနေဖြင့် မြန်မာနိုင်ငံအကြောင်း အဓိကလေ့လာလျှက်ရှိပြီး၊ မြန်မာ့ယဉ်ကျေးမှု ထွန်းကားလာခဲ့ပုံ၊ ယခုချိန်အထိ ဘိုးဘေဘီဘင် လက်ထက်ကတည်းက ရိုးရာမပျက်
ထိန်းသိမ်းလာခဲ့သော ရိုးရာယဉ်ကျေးမှုများအကြောင်း၊ မြန်မာနိုင်ငံတွင်နေ ထိုင်သော တိုင်းရင်းသား လူမျိုးများ စုစည်းနေထိုင်သည့်အကြောင်းနှင့် ရိုးရာဝတ်စုံများအကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများအကြောင်း တန်ခိုးကြီးဘုရားများအကြောင်းကို ပြိုင်ပွဲတွင်ပြောပြလိုသည်။
သို့မှသာ မြန်မာနိုင်ငံနှင့် မြန်မာတိုင်းရင်းသားလူမျိုးများအကြောင်း ကမ္ဘာကပိုသိလာမည်ဟုသျှားကအသေးစိတ် စိတ်ပါလက်ပါ ရှင်းပြပါသည်။
 
"မြန်မာအကတွေ လေ့ကျင့်နေပါတယ်၊ ဘယ်အက ကမယ်ဆိုတာတော့ မပြောချင်သေးဘူး" ဟုအကလေ့ကျင့်မှုနှင့်ပတ်သက်ပြီး ပရိသတ်များအံ့သြသွားအောင် လုပ်ဆောင်ပြလိုဟန်ရှိသည်။
 
Miss Universe ပြိုင်ပွဲကြီးတွင် ရိုးရာအနုပညာဖြင့် ပုံဖော်ပြသရမည်ဖြစ်ပြီး တိုင်းရင်းသားအကမျိုးနှင့် တစ်ကွက် အကများလေ့ကျင့်နေသည်ဟု ဆိုပါသည်။ ပြိုင်ပွဲတွင် ၀တ်ဆင်မည့်National Costume ကို ဒီဇိုင်နာ မပုံ့မှ ဖန်တီးပေးမည်ဖြစ်ပြီး၊ ညနေခင်းဝတ်စုံကို ဒီဇိုင်နာကိုပြည်စိုးအောင်နှင့် စခန်းသွင်းလေ့ကျင့်ချိန်များတွင် ၀တ်ဆင်ပြမည့် ၀တ်စုံများကို ဒီဇိုင်နာငြိမ်းကိုတို့မှ အစစအရာရာ ပြင်ဆင်ပေးသည်ဟု ဆိုသည်။
 
သျှား မကြားသေးမီက ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်လေ့ကျင့်ခဲ့သေးသည်။ ဖိလစ်ပိုင်နိုင်ငံဆိုသည်မှာ အရည်းအချင်းနှင့်ပြည့်စုံသော အလှမယ်များစွာ မွေးထုတ်ရာနိုင်ငံလည်း ဖြစ်သည်။သျှားကိုလေ့ကျင့်ပေးသော နည်းပြများမှာ လွန်စွာစည်းစနစ်ကျသည်။ ဖိလစ်ပိုင်သို့မရောက်ခင်ကလေ့ကျင့်ပေးမည့် နည်းပြများမှာ အသက်ကြီးသော အရွယ်များဖြစ်မည်ဟု ထင်ခဲ့သော်လည်းလက်တွေ့တွင်မူ သျှားထင်သလို လူကြီးများမဟုတ်ဘဲ လူငယ်များသာဖြစ်ပြီး အထင်နှင့်အမြင်လွဲခဲ့သည်။
 
"ဖိလစ်ပိုင်နည်းပြတွေက အရမ်းတော်တယ်၊ ပြီးတော့ လူငယ်တွေဖြစ်နေတယ်" ဟု သူမကိုလေ့ကျင့်ပေးသော နည်းပြများအကြောင်း ချီးမွမ်းခန်းဖွင့်သည်။
 
သျှားကိုလေ့ကျင့်ပေးသော နည်းပြများမှာ အမျိုးသားများဖြစ်သော်လည်း သူတို့ကိုယ်တိုင်ခြောက်လက်မ ဒေါက်မြင့်ဖိနပ်များ ၀တ်ဆင်ကာ လေ့ကျင့်ပေးခဲ့သောကြောင့် အံ့သြခဲ့ပုံရသည်။သူမကို လေ့ကျင့်ပေးသော အမျိုးသားနည်းပြများ ဒေါက်မြင့်ဖိနပ် ၀တ်ဆင်လိမ့်မည်ဟု လုံးဝမထင်ခဲ့။ အဆိုပါ ဖိလစ်ပိုင် နည်းပြများက သျှားကို Swim Suit, Evening Gown နှင့်National Costume ဆိုသည့် ပြိုင်ပွဲဝင်ရမည့် Round သုံးမျိုးစလုံးကို လေ့ကျင့်ပေးသည်။သျှားကိုယ်တိုင်လည်း ကြိုးစားလေ့ကျင့်သောကြောင့် နည်းပြများက သဘောကျကြသည်။
 
"Swim Suit လို ရေကူးဝတ်စုံနဲ့ လျှောက်တဲ့အခါ ရှက်ကြောက်တဲ့စိတ် မဖြစ်အောင်သင်ပေးတယ်" ဟု သျှားက ဆိုသော်လည်း ပြောပြချိန်တွင်တော့ မြန်မာမိန်းကလေးပီပီ ရှက်စနိုးဖြစ်သွားသည်။
 
ရေကူးဝတ်စုံဝတ်ရာတွင် ရှက်နေပါက ပြိုင်ပွဲတွင်ဘယ်လိုလုပ်မလဲဟု ဖိလစ်ပိုင်နည်းပြများကသျှားကို မေးခွန်းထုတ်ကာ သင်ပေးသည်။ National Costume နဲ့ ဘယ်လိုပေါ်လွင်အောင်လျှောက်ရမယ်၊ Evening Gown မှာလည်း ခြေလှမ်းတစ်လှမ်း လှမ်းတာနဲ့ ဘယ်လိုမာန်ရှိရမယ်၊ဒိုင်တွေကို ကိုယ့်ရဲ့ မျက်လုံးက အာရုံစူးစိုက်ထားတယ်ဆိုတာ ပြတတ်အောင် လေ့ကျင့်ပေးသည်။
 
အလှမယ်တော်တော်များများ ဖြေဆိုရန်ကြောက်ကြသော မေးခွန်းဖြေဆိုပုံအပိုင်းကိုလည်းဖိလစ်ပိုင်နည်းပြက စနစ်တကျသင်ပေးသည်။ သျှားကိုလေ့ကျင့်ပေးသော ဖိလစ်ပိုင်လူမျိုးများမှာအချိန်တိကျခြင်းကို လေးစားတန်ဖိုးထားသည်။ ဖိလစ်ပိုင်နိုင်ငံသားများမှာ အမေရိကန်ကိုစံနမူနာထားသော လူမျိုးများဖြစ်ကြသဖြင့် သျှား သွားရောက်ယှဉ်ပြိုင် ရမည့်နိုင်ငံမှာလည်းအမေရိကန်ဖြစ်သည်။ ထိုသို့တိုက်ဆိုင်နေသောကြောင့် သျှားကို ပိုပြီး စနစ်တကျ စေတနာထားကာ သင်ပေးသည်။
 
"ဖြစ်နိုင်ရင် နောက်တစ်ခေါက်တောင် သွားပြီးလေ့ကျင့်ချင်သေးတယ်" ဟု သျှားက ပညာတွေရသလောက် ထပ်ပြီးသင်ချင်ကြောင်း ဆိုသည်။
 
မြန်မာနိုင်ငံတွင် ပြိုင်ပွဲဝင်ခဲ့ခြင်းက သျှားအတွက် ကံကောင်းခြင်းတွေ ဖြစ်လာခဲ့သည်။ ညီအစ်မအရင်းအချာကဲ့သို့ ခင်မင်ခဲ့ရသော သူငယ်ချင်းများစွာရခဲ့သည်။ သူမအတွက် အရာရာတိုင်းဟာပထမဆုံး ဖြစ်ခဲ့သည်။ မိသားစုနှင့်လွဲပြီး တခြားသူများနှင့် ခရီးအတူမသွားဘူးသော သျှားအတွက်ပထမဆုံးခရီးများဖြစ်ခဲ့သလို ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သော ခရီးစဉ်မှာသူမအတွက် ပထမဆုံးနိုင်ငံရပ်ခြားခရီး တစ်ခုဖြစ်ခဲ့သည်။ ဘယ်နေရာရောက်ရောက် Miss Universe Myanmar အလှမယ်လေးများကို ဂရုတစိုက်ဖြင့် လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြသည်မှာ သျှားအတွက် ပီတိတစ်ခုဖြစ်ခဲ့သည်။
 
စခန်းဝင်ကာလအတွင်း ပြည်တွင်းပြည်ပခရီးထွက်စဉ် သူတို့အချင်းချင်း နံနက်စောစောတစ်ယောက်တံခါး တစ်ယောက်ခေါက်ပြီး အိပ်ယာနှိုးကြသည်။ ၀ိတ်လျှော့ကြပြီဆိုလျှင်လည်းသူတို့အားလုံး ဘာမှမစားကြဘဲ နေခဲ့ကြသည်။ စားကြပြီးဆိုလျှင်လည်း အားလုံးအတူတူစားကြသည်။ စကြ နောက်ကြနှင့် စိတ်မဆိုးဘဲ နေခဲ့ကြသည်။ ပြင်ဦးလွင်နန်းမြိုင်ဟိုတယ်တွင်ညဘက်မအိပ်ကြဘဲ စုပြီးထိုင်ခဲ့ကြသော အချိန်များနှင့် ဖူးခက်တွင် ပြိုင်ပွဲပြီးသည့်ညက ပြိုင်ပွဲဝင်အားလုံး အဆာလွန်ပြီး ညစာ အတူစားခဲ့ကြပုံများက သျှားအတွက် အမှတ်တရများဖြစ်စေခဲ့သည်။
 
Miss Universe Myanmar 2014 ပြိုင်ပွဲနှင့်ပတ်သက်ပြီး သျှားက " သရဖူရတဲ့ ဇူလိုင်လ ၂၆ရက်က ဘ၀မှာ အပျော်ဆုံးနေ့ပါ " ဟုဆိုသည်။
 
ထိုင်းနိုင်ငံဖူးခက်တွင် Miss Myanmar Thailand Friendship ဆုရပြီးကတည်းက သူမကိုယ်သူမကျေနပ်ခဲ့သည်။ မြန်မာနိုင်ငံတွင်ပြိုင်ရမည့်ပွဲအတွက် ပုံမှန်ကြိုးစားသည်။ သျှား အများကြီးမျှော်မှန်းခြင်းတော့မရှိခဲ့။
 
"အများကြီးမျှော်လင့်ထားပြီး ဖြစ်မလာခဲ့ရင် ကိုယ်ပဲခံစားရမှာ" ဟု သျှားကဆိုသည်။
 
ရန်ကုန်တွင်ပြုလုပ်ခဲ့သည့် ပြိုင်ပွဲနေ့က နောက်ဆုံးအချိန်တွင် ပရိသတ်ကို ဘယ်သူရမလဲလို့မေးတော့ အခြားသူရဲ့ နံပါတ်ကို အော်ကြသည်။ သျှားကိုယ်တိုင်လည်း သူမ၏သူငယ်ချင်းကိုအားပေးခဲ့သည်။ သူငယ်ချင်းဖြစ်သူက သျှားရဲ့ အချစ်ဆုံးသူငယ်ချင်း၊ ထို့ကြောင့်လည်း သူငယ်ချင်းကိုရစေချင်သည်။ စိတ်ထဲမှ သူငယ်ချင်းအတွက် ၀မ်းသာပေးနေသည်။ ဆုရသည့်နံပါတ်ကြေညာချိန်တွင်တော့ သျှားအတွက် မျှော်လင့်မထားသော အံ့သြ၀မ်းသာစရာ ဖြစ်လာခဲ့သည်။
 
အဆိုပါခံစားမှုနှင့်ပတ်သတ်ပြီး သျှားက "အံ့သြ၀မ်းသာတဲ့ ခံစားမှုမျိုးပေါ့နော်" ဟု ဆုရသည့်အချိန်က ခံစားရမှုကိုပြန်ပြောပြသည်။
 
သျှားဆုရပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူတွေအတွက် ကိုယ်စားပြုပြီး သွားရောက်ယှဉ်ပြိုင်ရမည်ဟူသည့်စိတ်ကို အမြဲနှလုံးသွင်းထားသည်။ သူမကိုယ်တိုင်လည်း ဘယ်အရာမဆို မလုပ်နိုင်တဲ့စိတ်မထားဘဲ လုပ်နိုင်သလောက်လုပ်မယ်ဆိုတဲ့ စိတ်ကိုမွေးမြူပြီး ကြိုးစားသင်ယူသည်။
 
" ပရဟိတအလုပ်ဆိုတာ Miss ဖြစ်လာမှမဟုတ်ပါဘူး၊ လူတိုင်လုပ်လို့ရတဲ့ အလုပ်ဖြစ်တယ်" သျှားက ပရဟိတ အလုပ်နှင့်ပတ်သက်ပြီး သူမ၏အမြင်ကိုပြောသည်။ ချို့တဲ့သူအချင်းချင်း စားနိုင်တဲ့သူက မစားနိုင်တဲ့သူကိုဝေမျှပြီးစားခြင်းသည်ပင်လျှင် ပရဟိတလုပ်ခြင်းဖြစ်သည်ဟု သျှားခံယူထားသည်။ ငယ်စဉ်ကပင်ပရဟိတမျိုးစုံလုပ်ခဲ့ဖူးသော သျှားအတွက် ပရဟိတ အလုပ်မှာ အစိမ်းသက်သက် တော့မဟုတ်ပါ။ Miss တစ်ယောက်ဖြစ်လာချိန်တွင်တော့ပရဟိတ အလုပ်များပိုလုပ်နိုင်ခဲ့နိုင် လာခဲ့သည်။ သူမသိသေးသည့် နေရာများတွင် ပရဟိတလုပ်ဖို့ ကမ်းလှမ်းမှုများ ရှိလာခဲ့သည်ဟု ဆိုသည်။ သျှားက ပရဟိတအလုပ်ကို အထောက်အပံ့တစ်ခုအနေဖြင့် လုပ်ခြင်းထက် တကယ့် ပရဟိတ စိတ်ရင်းစိတ်မှန်ဖြင့် လုပ်ဆောင်ခဲ့သည်။
 
"အရာရာကွာခြားသွားပါတယ်" ဆိုသည့် အဖြေက သျှားအတွက် Miss Universe Myanmar မဖြစ်ခင်ဘ၀နှင့် ယခုဖြစ်ပြီးဘ၀ ဘာကွာခြားလဲဆို သည့်မေးခွန်း၏ အဖြေဖြစ်လာခဲ့သည်။
 
ရိုးရိုးသာမန် မိန်းကလေးတစ်ဦးအနေဖြင့် ဘယ်လိုနေနေ၊ ဘယ်လိုစားစား သိပ်ပြီးကိစ္စမရှိသော်လည်း၊ Miss Universe Myanmar  ဖြစ်လာသည့်အခါ တွင်တော့ ယခင်လိုနေလို့မရတော့ပါ။ သရဖူ "Crown" က အဓိကဖြစ်လာခဲ့ပြီ။ မြင့်မြတ်သောအရာဖြစ်သည့် သရဖူနှင့် ထိုက်တန်အောင်နေရသည်။ ပြော၊ ဆို၊ နေထိုင်၊ သွားလာ၊ စားသောက်ခြင်းစသည့် အရာများကို အကောင်းဆုံး စံနမူနာဖြစ်အောင် နေရသည်။ အရင်ကဘယ်လိုပဲနေခဲ့သည်ဖြစ်စေ ယခုအချိန်တွင်တော့ သျှားအတွက်များစွာကွာခြားသွားခဲ့သည်။
 
သျှားမှာ ငယ်စဉ်မူကြိုကျောင်းသူဘ၀ကပင် အနုပညာဗီဇပါခဲ့သူ ဖြစ်သည်။ အကပြိုင်ပွဲ၊ မော်ဒယ်ရှိုး ပြိုင်ပွဲများ ၀င်ပြိုင်ခဲ့သည်။ ကိုးတန်းကျောင်းသူဘ၀က ဘင်ခရာတီးဝိုင်းတွင်လည်း ပါဝင်ခဲ့သေးသည်။ ငယ်စဉ်ကပင် သူဖြစ်ချင်တာကို မရ ရအောင် လုပ်တတ်သူဖြစ်သည်။
 
"ငယ်ငယ် ကတည်းက မင်းသမီးဖြစ်ချင်ခဲ့တာ" ဟု သျှားက သူမ၏ ငယ်ဘ၀က ၀ါသနာကိုပြန်ပြောရင်း ပီတိဖြစ်နေသည်။
 
သူမငယ်စဉ်က တိုင်းနှင့်ပြည်နယ် အလှမယ်ရွေးချယ်ပွဲများကြည့်ပြီး အားကျခဲ့သည်။ ဆယ်တန်းအောင်သောအခါ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် သို့တက်ရောက်ခဲ့ပြီး အနုပညာဗီဇကြောင့် ရန်ကုန် ဒဂုံတက္ကသိုလ်သို့ ပြောင်းရွှေ့ခဲ့သည်။ သူမ၏ လက်ဦးဆရာဖြစ်သူ ဒေါ်တင်မိုးလွင်ထံတွင် သင်တန်းများ တက်ရောက်ခဲ့သည်။ ထို့နောက် မော်ဒယ်လောကသို့ သျှား စတင်ဝင်ရောက်ခဲ့ပြီး ဒါရိုက်တာဦးတင်ဦးရိုက် ကူးသော အလှမယ်လေးများ ဇာတ်လမ်းတွင်ပါဝင်ခဲ့သည်။
 
မော်ဒယ်ဘ၀ကို ဖြတ်သန်းရင်းသျှားစိတ်ကူးတစ်ခုရလာခဲ့သည်။  အဆိုပါစိတ်ကူးမှာ Miss ပြိုင်ပွဲတစ်ခု ၀င်ပြိုင်ရန်ပင်။ တိုက်တိုက်ဆိုင်ဆိုင်ပင် Miss Universe Myanmar ပြိုင်ပွဲကြီးမြန်မာနိုင်ငံတွင် ကျင်းပရန်ဖြစ် လာတော့သည်။ သျှား ပြိုင်ပွဲဝင်ရန်လျှောက်လွှာထုတ်ခဲ့သည်။ သို့သော် SEA Games ပြိုင်ပွဲကြီးက မြန်မာနိုင်ငံတွင် လက်ခံကျင်းပရန်နီးကပ်လာပြီ။ သျှားရွေးချယ်ရတော့မည်။ SEA Games ပြိုင်ပွဲကြီးက မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၄၀ကြာမှ ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်ပြီး နောက်တစ်ခါဆိုရင် သျှားအသက်ကြီးပြီ။ ယခုလိုဝင်ပါခွင့်ရမည်မဟုတ်တော့။ ထို့ကြောင့် သူမ ၂၀၁၃ ခုနှစ် Miss Universe ပြိုင်ပွဲကြီး ကို မ၀င်ခဲ့ဘဲ SEA Games ပြိုင်ပွဲ ကြီးတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။
 
"နိုင်ငံအတွက် တစ်ဖက်တစ်လမ်းကနေ ဘယ်လိုတာဝန်ထမ်းဆောင်ရမလဲဆိုပြီး လူမှုဝန်ထမ်းလုပ်အားပေးလုပ်ရင်း ဆိုင်းဘုတ်ကိုင်လုပ်ခဲ့ပါတယ်" ဟု သျှား SEA Games ပြိုင်ပွဲတွင် ပါဝင်ခဲ့မှုကို ရှင်းပြသည်။ ပြိုင်ပွဲကြီးပြီးသောအခါ ဆိုင်းဘုတ်ကိုင်အလှမယ်များကို Miss ပြိုင်ပွဲပြုလုပ်ပေးခဲ့ပြီး အဆိုပါပြိုင်ပွဲတွင် Miss MRA ဆုကိုရရှိခဲ့သည်။ သူမဘ၀တွင်ပထမဆုံးပြိုင်ပွဲမှရရှိခဲ့သောဆုဖြစ်၍ သျှားအလွန်ပျော်ခဲ့သည်။ ပြိုင်ပွဲကြောင့် Miss တစ်ယောက်အနေဖြင့် ဘယ်လိုနေထိုင်ပြုမူရမယ်ဆိုတာကို သျှားစတင်သိရှိခဲ့သည်။ အဆိုပါပြိုင်ပွဲကို ပြုလုပ်ပေးခဲ့သော  မြန်မာနိုင်ငံ စားသောက်ကုန် လုပ်ငန်းရှင်များအသင်း ကလည်း သျှားကို အားပေးခဲ့သည်။  ထို့ကြောင့် ယခုနှစ် Miss Universe Myanmar ပြိုင်ပွဲကြီး ဝင်ရောက်ယှဉ်ပြိုင်ရန် သူမအတွက် ခွန်အားများဖြစ်လာခဲ့သည်။
 
 "ညီမကို သရဖူအပ်နှင်းထားတဲ့ Organization က ညီမရဲ့ ကျေးဇူးရှင်ဖြစ်ပါတယ်" ဟု သျှား ခံယူထားသည်။ဆုရပြီးကတည်းက သျှား အလုပ်အားလုံးကို Miss Universe Myanmar Organization နှင့်တိုင်ပင် ဆောင်ရွက်ခဲ့သည်။ သူမကိုလည်း Organization က အစစအရာရာ ပံ့ပိုးကူညီနေသည်။ ထို့ကြောင့် သူမတတ်နိုင်သည့်ဘက်မှ ကျေးဇူးဆပ်ဖို့ကြိုးစားမည်။ တိုင်းပြည်နှင့် ပြည်သူအတွက်သာမက Organization အတွက်ပါ သူမအစစအရာရာ ကြိုးစားနေသည်။ Organization က သူမကို Miss တစ်ယောက်တွင် ရှိသင့်ရှိထိုက်သည့်အရာအားလုံး သင်ကြားပေးသည်။ သူမ၏ စီနီယာဖြစ်သူ မိုးစက်ဝိုင်ကလည်း ရုရှားနိုင်ငံတွင် ပြိုင်ပွဲဝင်ခဲ့သည့် အတွေ့အကြုံများကို မျှဝေပေးသည်။
 
သျှား က " ပြိုင်ပွဲကြီးပြီးသွားရင် နိုင်ငံအတွက် အကျိုးပြုတဲ့ Miss တစ်ယောက်ဖြစ်အောင် ညီမကြိုးစားမယ် " ဟု သူမ၏ ရှေ့ဆက်လုပ်ဆောင်မည့် ရည်မှန်းချက်အား ရှင်းပြသည်။
 
ပြိုင်ပွဲပြီးသွားပါကလည်း လိုအပ်သည့် အပိုင်းများတွင် အကူအညီပေးနိုင်အောင် သူမ ကြိုးစားမည်။ အနုပညာအလုပ်များကို ဆက်လက်လုပ်ကိုင်သွားရန် ဆန္ဒရှိနေသည်။ သျှားက အနုပညာကို ရူးသွပ်သူဖြစ်သောကြောင့် အနုပညာနှင့်ပတ်သတ်သော အလုပ်များ ဆက်လက်လုပ်ရန်မှာ သူမ၏ ပြင်းပြသော ဆန္ဒဖြစ်သည်။ စီးပွားရေးလုပ်လျှင်လည်း အနုပညာနှင့် သက်ဆိုင်သော ဖက်ရှင်ဆိုင်ကဲ့သို့ ဆိုင်မျိုးဖွင့်ရန် စိတ်ကူးထားသည်။
 
သျှားက မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင်ခဲ့သော Miss များနှင့်ပတ်သတ်၍ "မနန်းခင်ဇေယျာ ပြိုင်တုန်းကဆိုရင် အသည်းအသန်ကို Vote လုပ်ရတာ " ဟု ဆိုသည်။ ပြည်ပမှ Miss Universe 2011, 2012, 2013 အားလုံးကို သျှား အတူယူအားကျသည်။ ပြည်တွင်းမှလည်း သူမ၏ စီနီယာအစ်မဖြစ်သော မိုးစက်ဝိုင်ကို အတုယူလေးစားခဲ့သည်။
 
သျှား က အမေရိကန်နိုင်ငံတွင်ကျင်းပမည့် ပြိုင်ပွဲနှင့်ပတ်သတ်၍ " ကံ ဥာဏ် ဝီရိယကို အသုံးချပြီး အရိုးသားဆုံး ယှဉ်ပြိုင်သွားမှာပါ " ဟု ဆိုသည်။
 
သျှားက သူမ၏ပရိသတ်အတွက် အားပေးရကျိုးနပ်အောင် အကောင်းဆုံး ယှဉ်ပြိုင်နိုင်ရန် လေ့ကျင့်မှုများ ပြုလုပ်နေသည်။ အမေရိကန်မှာ မြန်မာကို ကမ္ဘာက သိအောင်လုပ်ဆောင်ရန်လည်း ဆန္ဒပြင်းပြနေသည်။ ပရိသတ်များ အနေဖြင့်လည်း သူမကို အားပေးရန် မေတ္တာရပ်ခံခဲ့သည်။ မနှစ်က မိုးစက်ဝိုင်ကို VOTE ပေးပြီး အားပေးခဲ့သလို ဒီနှစ်လည်း သူမကိုအားပေးရန် လိုလားနေ သည်။ ဘာကြောင့်လည်းဆိုတော့ "VOTE လုပ်တဲ့နေရာမှာ ထိပ်ဆုံးက အများဆုံးနေရာကိုလိုချင်တယ်၊ ဘာလို့လဲဆိုတော့ ငါတို့မြန်မာပရိတ်သတ်တွေ ဘယ်လောက်အားပေးနေတယ်ဆိုတာ တခြားသူတွေကို သိစေချင်လို့ပါ"
 
ညွှန့်ဇော်အောင်