MUM 2017 Activities

လေးစားအပ်ပါသော မီဒီယာမိတ်ဆွေများခင်ဗျာ
Miss Universe Myanmar 2017 ပြိုင်ပွဲဝင် အလှမယ်များသည် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းပြီးဆုံးပြီးနောက် စက်တင်ဘာလ(၁၇)ရက်နေ့တွင် ပင်လုံဆေးရုံကြီးတွင် တက်ရောက် ကုသနေသော နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များအား သွားရောက်တွေ့ဆုံအားပေးခဲ့ပြီး  နေ့လည်ပိုင်းတွင် ရန်ကုန်ကလေးဆေးရုံကြီး၌ တက်ရောက်ကုသနေသည့် ကင်ဆာ၊ ကျောက်ကပ်၊ ဦးနှောဏ်နှင့် အာရုံကြောဝေဒနာရှင် ကလေးငယ်များထံသို့ သွားရောက်အားပေးလှူဒါန်းမှုများ ပြုလုပ်ခဲ့ပါသည်။ ထို့နောက် စက်တင်ဘာလ (၁၈)ရက်နေ့တွင် ပူတာအိုမြို့၊ လုံးစွပ်ရပ်ကွက်ရှိ စစ် ဘေးရှောင်စခန်းသို့ သွားရောက်ပြီး စစ်ဘေးရှောင်ဒေသခံ ပြည်သူလူထုနှင့် တွေ့ဆုံအားပေးလှူဒါန်း ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ ဆက်လက်ပြီး စက်တင်ဘာလ(၁၉)ရက်နေ့တွင် ပြိုင်ပွဲဝင်များအား အုပ်စုများခွဲ၍ မူလာရှီးဒီချောင်းအတွင်း ဖောင်စီးခြင်း၊ မူလာရှီးဒီကျေးရွာတွင် ဆင်စီးခြင်း၊ စက်ဘီးစီး ခြင်း၊ Malikha Lodge (၂) မှ စိုက်ပျိုးထားသော စိုက်ခင်းအား လေ့လာခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ ညနေပိုင်းတွင် ယခုခရီးစဉ်အား အဓိက ပံ့ပိုးကူညီပေးသော Blue Diamond Cement ၏ Miss Blue Diamond ရွေးချယ်မည့် ပဏာမအစီအစဉ်အဖြစ် တာဝန်ရှိသူများမှ အင်တာဗျူးပြုလုပ်ခြင်း များ ဆောင်ရွက်ခဲ့ကြပါသည်။ Miss Blue Diamond Title Award အား Blue Diamond Cement မှ အောက်တိုဘာလ(၆)ရက်နေ့တွင်ပြုလုပ်မည့် Miss Universe Myanmar 2017 ပြိုင်ပွဲ ကြီးတွင် ပါဝင်ချီးမြှင့်သွားမည်ဖြစ်ပြီး ဆုကြေးငွေ သိန်း(၃၀) ပေးအပ်သွားမည်ဖြစ်ပါသည်။

စက်တင်ဘာလ(၂၀)ရက်နေ့တွင် ကောင်းမှုလုံစေတီတော်သို့သွားရောက်ဖူးမျှော်ကာ ပြိုင်ပွဲဝင် အလှမယ်များမှ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ပြီး သံဃာတော်များအား ဆွမ်းဆက်ကပ် လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါသည်။ ထို့နောက် ဖန်ခိုင်ပရဟိတဘုန်းတော်ကြီးသင်ပညာရေး(မူလွန်) ကျောင်းရှိ လိုအပ်လျက်ရှိသော ကလေးငယ်များ တွေ့ဆုံအားပေးလှူဒါန်းခြင်းများပြုလုပ်ခဲ့ပြီး Htoo Foundation မှ တည်ထောင် ထားသော စာသင်ကျောင်းဆောင်သို့ သွားရောက်လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါသည်။ ညပိုင်းတွင် ပြိုင်ပွဲဝင်များ၏ Talent Show အစီအစဉ်ပြုလုပ်ခဲ့ပြီး The Best Talent ၊ 1st Runner Up၊ 2nd Runner Up၊ Miss Confident၊ Miss Active၊ Miss Friendship ဆုများ ရွေးချယ်ချီးမြှင့်ခဲ့ကြပါသည်။ ပြိုင်ပွဲဝင်အလှမယ်များသည် စက်တင်ဘာလ(၂၁)ရက်နေ့တွင် ပူတာအိုမြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြပါသည်။

Miss Universe Myanmar Organization ၏ လူမှုရေးခရီးစဉ်တွင် လှူဒါန်းမှုများ

(၁)    ပင်လုံဆေးရုံ
    - ကလေးငယ်များအတွက် ကစားစရာအရုပ်များ
(၂)    ကလေးဆေးရုံကြီး
    - ကလေးငယ်များအတွက် ကစားစရာအရုပ်များ
    - PATH Organization မှ လာရောက်လှူဒါန်းသည့် အားဖြည့်ဆန်(၅၀၀ုါ)
(၃)    ပူတာအိုမြို့ရှိ လုံးစွပ်စစ်ဘေးရှောင်စခန်း
    - အိမ်ထောင်စု(၆၀)အတွက် ဆန်(၆၀)အိတ်
    - ငါးခြောက်ကြော် (၆၀)ထုပ်
    - Htoo Foundation မှ ငွေကျပ်(၁၀)သိန်း
    - ဝေဠုကျော်ဖောင်ဒေးရှင်းမှ ငွေကျပ်(၅)သိန်းနှင့် စာရေးကိရိယာများ
(၄)    ဖန်ခိုင်ပရဟိတဘုန်းတော်ကြီးသင်ပညာရေး(မူလွန်) ကျောင်း
    - ဆေးဝါးမျိုးစုံ (၆၀)ထုပ်
    - ဆန်အိတ်(၁၀)အိတ်
    - အ၀တ်အထည်နှင့် ကစားစရာများ
    - Htoo Foundation မှ  ငွေကျပ်(၂၀)သိန်း
    - ဝေဠုကျော်ဖောင်ဒေးရှင်းမှ စာရေးကိရိယာနှင့် ကစားစရာများ
(၅)    Htoo Foundation စာသင်ကျောင်း
    - ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသား(၁၀၁)ဦးအတွက် ကျောင်းစိမ်းလုံချည်  အထည်(၁၀၁)ထည်
    - ဆရာ၊ ဆရာမများအတွက် ထောက်ပံ့လှူဒါန်းငွေ(၅)သိန်း
    - Palmolive Shampoo များ လှူဒါန်းလှူဒါန်းခဲ့ကြပါသည်။
ပူတာအိုခရီးစဉ်အတွင်း Malikha Lodge တွင် Blue Diamond Cement မှပြုလုပ်သည့်
Talent Show တွင် ဆုရရှိသူများ စာရင်းမှာ

  1. The Best Talent -  ရှင်းမင်းဆက်(ခါးနံပါတ်-၂၅ Miss Universe Yangon)  ၅ သိန်း
  2. 1st Runner Up -  ခင်လပြည့်ဇော်(ခါးနံပါတ်-၂၁ Miss Universe Yangon) ၃ သိန်း
  3. 2nd Runner Up - မေမြတ်နိုးခင်(ခါးနံပါတ်- ၄ Miss Universe Loikaw) ၂ သိန်း
  • Miss Confident - အိအိငြိမ်း(ခါးနံပါတ်- ၁၅ Miss Universe Pyay) ၃ သိန်း
  • Miss Active - ချယ်ရီချစ်ချစ်ထွန်း(ခါးနံပါတ်- ၁ Miss Universe Bago) ၃ သိန်း
  • Miss Friendship - ခိုင်ဇင်ဇော်(ခါးနံပါတ်- ၁၁ Miss Universe Myeik) ၃ သိန်း
  • Miss Malikha -  ဂျာဒင်ကိုင် (ခါးနံပါတ်- ၁၂ Miss Universe Myitkyina) ၅ သိန်း