MUM 2018 နှင်းသွေးယုအောင် နှင့် သနပ်ခါး

သနပ်ခါး

မြန်မာနဲ့သနပ်ခါးဆိုတာ မြန်မာနိုင်ငံမှာရှိတဲ့ ကျား မ မရွေး ကလေးအရွယ်ကတည်းက အကျွမ်းတဝင်ရှိခဲ့ကြပါတယ်။ သနပ်ခါးတစ်ပင်ရဖို့နှစ်ပေါင်းများစွာ စောင့်ကြရတယ်။ မြန်မာအမျိုးသမီးတွေရဲ့ အလှအပအသုံးအဆောင်လည်း ဖြစ်တဲ့အပြင် နေရောင်ခြည်ရဲ့ အန္တရာယ်ကိုလည်း ကာကွယ်ပေးတဲ့အရာအဖြစ် မိရိုးဖလာ သုံးစွဲလာကြတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နာမည်ကျော်အဖိုးတန် ကျောက်မျက်ရတနာတွေ တွင်းထွက်သယံဇာတတွေလို အဖိုးမထိုက်တန်ပေမယ့် သူကလည်း မြန်မာနိုင်ငံနဲ့ ခွဲခြားလို့မရတဲ့ အရာတစ်ခုဖြစ်ပါတယ်။ သူ့ကို ကြည့်လိုက်ရင် တန်ဖိုးမကြီးမားပေမယ့် သူ့ဂုဏ်သတ္တိနဲ့သူ သူ့နေရာနဲ့သူတည်ရှိနေတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့သင်းပျံ့တဲ့ရနံ့နဲ့လန်းဆန်းစေတယ်။ သူ့ရဲ့ဝါနှစ်တဲ့အထိအတွေ့နဲ့ ညက်ညောစေတယ်။ သူ့ရဲ့အစွမ်းအစနဲ့ အပူဒဏ်ကို ကာကွယ်ပေးတယ်။

သူမ

အခက်အခဲတွေကို ကြံ့ကြံ့ခံပြီး ရိုးသားစွာနဲ့ကျော်ဖြတ်တယ်။ ကိုယ့်ကျိုးအတွက် လမ်းလွယ် မလိုက်ဘူး။ ကျော်ကြားမှုအတွက် ခုတုံးမလုပ်ဘူး။ လမ်းမှားအရောက်မခံဘူး။ မှန်မှန်ကန်ကန် ကြိုးစားအားထုတ်တယ်။ ဟန်ပန်တွေအများကြီးမရှိဘူး။ ရိုးရှင်းတယ်။ အေးချမ်းတယ်။ ပတ်ဝန်းကျင်ကို တတ်နိုင်သလောက် ကောင်းကျိုးပြုနိုင်အောင် လုံ့လစိုက်တယ်။

အမျိုးသားဝတ်စုံ

သူမအတွက် အမျိုးသားဝတ်စုံ (National Costume) ကို ရိုးရှင်းတဲ့အကြောင်းအရာကပိုပြီး လိုက်ဖက်စေတာမို့ မြန်မာသနပ်ခါးနဲ့ပက်သက်တာလေးလုပ်ဖို့ စဉ်းစားစီစဉ်ခဲ့ကြပါတယ်။ ဒီပုံလေးတွေက သနပ်ခါးနဲ့ပက်သက်တာလုပ်မယ်ဆိုပြီး အတွေးစပေါ်တုန်းက ရိုက်ခဲ့တဲ့ပုံလေးတွေပါ။ သနပ်ခါးအကြောင်းအရာဆိုတော့ ထူးထူးဆန်းဆန်းအများကြီးလည်း လုပ်ဖို့မရှိတာကြောင့် ရိုးရှင်းစွာပဲတင်ပြသွားမှာပါ။ သူမအတွက် မြန်မာသနပ်ခါးဆိုတဲ့ အမျိုးသားဝတ်စုံကို ဒီဇိုင်နာ Seng Latt (Maka) မှ ဖန်တီးချုပ်လုပ်ပေးမှာဖြစ်ပြီး မကြာမီရက်ပိုင်းအတွင်း ဓာတ်ပုံများကိုဖော်ပြသွားမှာဖြစ်ပါတယ်။

Photo - Kingsman Photo Club
Make up & Hair - သော်သော်မြင့်မိုရ်
Location - Kandawgyi Park